ကမ္ဘာ့အိုဇုန်းလွှာအကြောင်းသိကောင်းစရာ Talk Show အစီအစဉ်ကို Online ကတစ်ဆင့် ရိုက်ကူးထုတ်လွှင့်

မုံရွာ စက်တင်ဘာ ၁၆

ကမ္ဘာ့အိုဇုန်းလွှာအကြောင်းသိကောင်းစရာ Talk Show အစီအစဉ်ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက Talk Show ကျင်းပနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မုံရွာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်လင်းဝါက ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းနေ့ ဆောင်ပုဒ်အကြောင်း၊ အိုဇုန်းလွှာရဲ့ အကျိုးပြုပုံ၊ အိုဇုန်းလွှာ ပျက်စီးရခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများ၊ ရာသီဥတုပြောင်းလဲလာမှုများ၊ အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေး မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုများနှင့် အိုဇုန်းလွှာပျက်စီးခြင်းကို ကာကွယ်ထိန်းသိမ်း‌ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်းတို့ကို ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း အသိပညာပေး လုပ်ငန်းအစီအစဉ်များကို ရိုက်ကူးထုတ်လုပ်၍ Online ကတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်နိုင်စိုး (ထီးလှိုင်မြေ)