ပိုင်ကျုံ စက်တင်ဘာ ၁၆
နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည် ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ ကျောင်းများ တည်ဆောက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ် (၅)ရပ်ကွက်ရှိ အ.ထ.က (ခွဲ)အထက်ပိုင်ကျုံကျောင်းတွင် Steel Structure ဖြင့် (ပေ ၉၀ × ပေ ၃၀)ရှိ တစ်ထပ် ကျောင်း ဆောင်သစ်တစ်လုံး တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းသည်၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံ ငွေကျပ် (၅၅.၈၉)သန်းဖြင့် လင်းထူးကုမ္ပဏီမှ(၅၀)ရာခိုင်နှုန်းအထိဆောင်ရွက်ခဲ့ပြီးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးရေးအတွက် ၂၀၂၂ခုနှစ်၊ ဩဂုတ်လအတွင်းတွင် တည်ဆောက်ခြင်း လုပ်ငန်းများ ပြန်လည်စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၅ ရက်နေ့အထိ(၈၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ယင်းကျောင်းဆောင်သစ်တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးပါက အ.ထ.က(ခွဲ)အထက် ပိုင်ကျုံကျောင်းမှ ပညာသင်ကြားနေသည့်ဆရာ /မများအနေဖြင့် စာသင်ခန်းများလုံလောက် စွာရရှိလာမည်ဖြစ်ပြီးကျောင်းသား/သူများအနေဖြင့်လည်း စိတ်အေးချမ်းသာပြီး အဆင်ပြေ စွာ ပညာသင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)