ဘားအံ စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာခင်မောင်ညို (ဘောဂဗေဒ) ရေးသားထားသော “ဒေးလ်ကာနက်ဂျီ ၏ ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင်ဒေါ်သင်းသင်းအောင်က အပြစ်မတင် ဘဲ အလုပ်ဖြစ်အောင်လုပ်ပါ၊ လူအများနှင့်ပြေပြေပြစ်ပြစ်ဆက်ဆံနည်း၊ ရောက်လေရာမှာကြိုဆို စေချင်လျှင်၊ တွေ့တွေ့ချင်းသဘောကျစေလိုလျှင် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဘားအံခရိုင် Book Club အဖွဲ့ဝင် နန်းအေးအေးမြင့်က သဘောပေါက်နားလည်စေနည်း၊ အကူအညီယူက အကူအညီရ၊ မမုန်းအောင်ဝေဖန်နည်း၊ မိမိအမှားကို အရင်ဆုံးဝန်ခံပါ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ တက်ရောက်လာသော Book Club အဖွဲ့ဝင်များမှ သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဘားအံခရိုင် (ပြန်/ဆက်)