မိုးညိုမြို့နယ်၌ နံရံကပ်စာစောင်၊ ဟောပြောပွဲ၊ စာလုံးပေါင်းသတ်ပုံမှန် ရွေးချယ်ခြင်းပြိုင်ပွဲကျင်းပ

မိုးညို         စက်တင်ဘာ        ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍  စာလုံးပေါင်းသတ်ပုံမှန် ရွေးချယ်ခြင်းပြိုင်ပွဲကို ယနေ့ နံနက်(၉:၃၀)နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန္ဒာလင်းက ကျောင်းသား၊ ကျောင်းသူအား လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောသည်။ ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ခြင်း၊ စာဖတ်စွမ်းရည်များမြင့်မားတိုးတက်လာစေရန်၊ မြန်မာစာပေကိုချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်နှင့် မြန်မာစာပေအရေးအသားကို တတ်သိနားလည်စေရန်၊ မြန်မာစာအရေးအသားစာလုံးများ မှန်ကန်စွာရေးသားတတ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကိုကျင်းပရာအလက(ခွဲ) မြို့မကျောင်းမှကျောင်းသား၊ ကျောင်းသူ(၁၈)ဦးက စာလုံးပေါင်းသတ်ပုံမှန် ရွေးချယ်ခြင်းကို ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် အမှတ်အများဆုံးရရှိသည့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့်ကျောင်းသုံးဗလာစာအုပ်များအား မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာလင်း၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ (Book Club)အဖွဲ့ဥက္ကဋ္ဌဦးမြသန်းတို့က အသီးသီးဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက်တက်ရောက်လာသောအသင်းဖွဲ့များ ကျောင်းသား၊ ကျောင်းသူများကပြသထားသည့် လူကုန်ကူးမှု၊ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကိုမင်း (ပြန်/ဆက်)