တမူးမြို့တွင် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြပွဲ ပြုလုပ်

တမူး စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာလ (၁၆) ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်က သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် တမူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလှမြင့်က ဂေဟစနစ်ကောင်းမွန်ရေးအတွက် သဘာဝမြေသြဇာနှင့်သဘာဝပိုးသတ်ဆေးတို့ကို ပြုလုပ်သုံးစွဲသင့်ကြောင်းပြောကြားပြီး ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မိုးမိုးမှ စပါးခွံသဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းအဆင့်ဆင့်တို့ကိုလည်းကောင်း ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မြတ်မြတ်စိုးက မျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုရေးတို့ကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ ခရိုင် မြေအသုံးချရေးတာဝန်ခံ ဒေါ်မိုးမိုးနှင့်ဝန်ထမ်းများမှ စပါးခွံမြေသြဇာပြုလုပ်နည်း အဆင့်ဆင့်ကိုလက်တွေ့ပြသခဲ့ကြရာ တက်ရောက်လာကြသည့် တောင်သူများ၏သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့​ပြီး သဘာမြေသြဇာပြုလုပ်သုံးစွဲနည်းနှင့် ပတ်သက်သည့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့  ခရိုင်စိုက်ပျိုးရေးညှိနိုင်းမှု အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း( ၃၅) ဦးတက်ရောက်ခဲ့ကြပြီး သဘာဝမြေသြဇာ အသုံးပြုခြင်းကြောင့် မြေ၏ဂုဏ်သတ္တိ၊ဒြပ်ဂုဏ်သတ္တိ ကောင်းမွန်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ ရေရှည်သုံးစွဲပါက ဓာတ်မြေသြဇာသုံးစွဲရန် မလိုအပ်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရတနာ (ပြန်/ ဆက်)