ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး( Talk Show ) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါ အသိပညာပေး(Talk Show) ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အသင်းမှ အတွင်းရေးမှူး ဦးကျော်စိုး(ပညာရေးငြိမ်း)က ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အိုဇုန်းလွှာနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊ အိုဇုန်းလွှာထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်သော ဒြပ်ပစ္စည်းများ အကြောင်းနှင့် ဆိုးကျိုးသက်ရောက်မှု ဖြစ်စေသည့် ရာသီဥတုပြောင်းလဲမှုအခြေအနေများ၊ အိုဇုန်းလွှာ ပျက်စီးမှုကို ကြိုတင်ကာကွယ်ထိန်းသိမ်းရမည့် နည်းလမ်းများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အသိပညာပေး(Talk Show)ဆွေးနွေးပွဲများ အပါအဝင်၊ စာပေစကားဝိုင်းဆွေးနွေးပွဲများ၊ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြသခြင်းများ၊ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး စာပေသိမှတ်ဖွယ်ရာ နယ်လှည့်အသိပညာပေး ဟောပြောခြင်းများကို အရှိန်အဟုန်မပျက် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)