ကျွန်းစု စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့၊ သစ်တောဦးစီးဌာနက ကျင်းပပြုလုပ်သော ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့်လက်မှတ်ပေးအပ်ပွဲကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းဖြင့် သဘာဝတောများ ရေရှည်တည်တံ့လာစေခြင်း၊ နောင်တစ်ချိန်တွင် ဒေသခံများအတွက် လိုအပ်သည့် သစ်၊ ထင်း၊ ဝါးများ ပိုမိုပေါများလာစေခြင်း၊ သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ များ ပေါများလာခြင်း၊ ရေပေါ်ရေအောက်သတ္တဝါများ ပိုမိုပေါများလာခြင်း၊ လေထုအတွက် ကျန်းမာရေးအထောက်အကူပြု အပူအအေးမျှတစေခြင်းနှင့် လေကောင်းလေသန့်များရရှိစေနိုင်ပြီး (၁၆-၉-၂၀၂၂) ရက်နေ့ ကမ္ဘာတစ်ဝှမ်းမှ သတ်မှတ်ထားသည့် “ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့” ဖြစ်ပြီး သဘာဝတောတောင်များ ထိန်းသိမ်းခြင်းအားဖြင့် ကမ္ဘာကြီးအတွင်း ဖြစ်ပေါ်လာနိုင်သည့် အပူရှိန်များကို လျှော့ချပေးနိုင်ခြင်း၊ လေထုညစ်ညမ်းမှုကို အထိုက်အလျောက် သန့်စင်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းဇော်ဝင်းက ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့်လက်မှတ် ထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းလက်မှတ်ကို အသုံးပြုသူများအား ပေးအပ်ခဲ့ပြီးနောက် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူများအဖွဲ့ကိုယ်စား ဦးထွန်းဝင်းက ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။
စိုးစိုးသွယ် (ပြန်/ဆက်)