တောင်ငူမြို့၊ ဘုရင့်နောင်စျေး၌ စျေးရောင်း၊ စျေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး

တောင်ငူ     စက်တင်ဘာ   ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ ဘုရင့်နောင်စျေး၌ စျေးရောင်း၊ စျေးဝယ် ပြည်သူများ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းက ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရာနေရာသို့ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကာ ကာကွယ်ဆေးထိုးနှံကြသည့် စျေးရောင်းစျေးဝယ်ပြည်သူများအား အားပေးစကားများပြောကြားပြီး စနစ်တကျထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကာကွယ်ဆေးထိုးနှံပြီး(၆)လနှင့်အထက်ရှိသူများအား ဆေးထိုးနှံပြီးကြောင်း ထုတ်ပေးထားသည့် ဆေးထိုးလက်မှတ်များ ယူဆောင်လာစေ၍ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိကြောင်းနှင့် ယနေ့နံနက် ၈ နာရီတွင်လည်း တောင်ငူမြို့မစျေးကြီးနှင့် ဘုရင့်နောင်စျေးတို့တွင် စျေးရောင်းစျေးဝယ်ပြည်သူများအား ကိုဗစ် ၁၉ ရောဂါ Booster Dose ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ခရိုင် ပြန်/ဆက်