ဖျာပုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၈၂၈)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့

ဖျာပုံ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများအား ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀)နာရီ အချိန်က ဖျာပုံမြို့နယ်အတွင်း၊ ရပ်ကွက်များရှိ အဘိုး၊ အဘွားများထံ လိုက်လံ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများအတွက် အသက်(၈၅)နှစ်အထက် အဘိုး (၃၂၁)ဦး၊ အဘွား (၅၀၇)ဦး၊ စုစုပေါင်းဘိုးဘွား (၈၂၈)ဦးတို့ အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၂၄,၈၄၀,၀၀၀) သိန်းအား၊ ဖျာပုံခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက နေ့ရက်အလိုက် ဘိုဘွားများ၏ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြသည်။
ဖျာပုံခရိုင် (၄)မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ထောက်ပံ့ပေးလျက်ရှိရာ ဖျာပုံမြို့နယ်အဘိုး၊ အဘွား(၈၂၈)ဦး၊ ဘိုကလေးမြို့နယ် အဘိုး၊ အဘွား(၈၁၉)ဦး၊ ဒေးဒရဲမြို့နယ် အဘိုး၊ အဘွား(၈၀၃)ဦး၊ ကျိုက်လတ်မြို့နယ် အဘိုး၊ အဘွား(၇၇၄)ဦး၊ စုစုပေါင်း ဘိုးဘွား(၃,၂၂၄)ဦးတို့ အတွက်​၊ ထောက်ပံ့ငွေကျပ် (၉၆,၇၂၀,၀၀၀) သိန်းကို ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)