ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဒေသန္တရတိုးမြှင့်စီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပေါင်းတည် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဒေသန္တရတိုးမြှင့်စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသန့်က အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဒေသန္တရတိုးမြှင့်စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ စည်ပင်သာယာရေးလုပ်ငန်းများသည် အခွန်အကောက်ရငွေများအပေါ်မူတည်၍ မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်၍ ရသင့်ရထိုက်သည့် အခွန်ငွေများအပြေအကြေကောက်ခံရရှိစေရေး၊ အခွန်ငွေများနှင့်ပတ်သက်၍ အလွဲသုံးစားမှုမရှိစေရေးနှင့် အခွန်နှုန်းထားများအား ခေတ်ကာလနှင့်ကိုက်ညီသည့် အခွန်နှုန်းထားများ ရရှိရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် အခွန်ငွေတိုးတက်ရရှိရေးအတွက် အခွန်ရှောင်များဖော်ထုတ်ကောက်ခံသွားရမည်ဖြစ်ကြောင်း၊ ဌာနပိုင်မြေနေရာများနှင့်ပတ်သက်၍ ကျူးကျော်မှုမရှိစေရေးအလေးထားဆောင်ရွက်သွားရန်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ဖွားသေစာရင်း တိတိကျကျပြုစုပေးနိုင်ရေး အသက် ၁၈ နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် တောင်သူများ(၃)သီးစားစိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်ရန် ဆောင်းသီးနှံစိုက်ပျိုးရေးကို လျာထားချက်အမီ စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားဆွေးနွေးသည်။

ထို့နောက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းအခက်အခဲများနှင့် မြေပြင်အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)