မင်းလှ စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာမြို့မစျေးကြီးအတွင်း စျေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ် (၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စျေးကော်မတီဝင်များ ပူးပေါင်း၍ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများကို ပထမအကြိမ်ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ်ထိုးနှံပေးခြင်း၊ ကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများကို ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်း၊ ကာကွယ်သုံးကြိမ်ထိုးနှံပြီးသူများကို စတုတ္တအကြိမ်ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။
မင်းလှမြို့မဈေးအတွင်း ဈေးရောင်းချသူများအား အပတ်စဉ်ကြာသာပတေးနေ့နှင့် သောကြာနေ့များတွင် နံနက် ၈ နာရီမှ ၁၁ နာထိလည်းကောင်း၊ စစ်ကွင်းမြို့မဈေးအတွင်း ဈေးရောင်းချသူများအား အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် နံနက် ၈ နာရီမှ ၁၁ နာရီထိလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ပေါက်စ(မင်းလှ)