ဖောင်းပြင်မြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဒေသပေါက်ဈေးနှုန်းအောက် ၂၅ရာခိုင်နှုန်း လျှော့ချကာ ရောင်းချပေး

ဖောင်းပြင် စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် အာလူး၊ ခရမ်းချဉ်သီး၊ ကြက်ဥတို့ကို ဒေသပေါက်ဈေးနှုန်းများအောက် ၂၅ ရာခိုင်နှုန်းလျှော့ချကာ ယနေ့နံနက်ပိုင်းက အောင်ဆန်းလမ်း (၄)လမ်းမပေါ်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးခဲ့ရာ ခရမ်းချဉ်သီး ၅၀ကျပ်သား ဒေသပေါက်ဈေးနှုန်း ၁၇၀၀ ကျပ်အား ၁၂၇၅ ကျပ်နှုန်းဖြင့်လည်းကောင်း၊ အာလူး ၅၀ ကျပ်သား ဒေသပေါက်ဈေးနှုန်း ၁၈၀၀ကျပ်အား ၁၃၅၀ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ ကြက်ဥ ၅ လုံး ဒေသပေါက်ဈေးနှုန်း ၁၁၅၀ကျပ်အား ၈၆၂ ဒသမ ၅ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချပေးခဲ့ရာ အိမ်ထောင်စု ၁၀၀စုအတွက် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် ဆောင်ရွက်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ရောင်းချပေးခဲ့ကြောင်း၊ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)