ပွင့်ဖြူ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကျင်းပရာ၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ နယ်မြေကွင်းဆင်းပြီး မြေပြင်အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးသည် အဓိကကျသည့်အချက်ဖြစ်ပါကြောင်း၊ မဲစာရင်းများပြုစုခြင်းလုပ်ငန်း အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး မြေပြင်အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက မြို့နယ်အတွင်း ကွင်းဆင်းကောက်ယူခဲ့သည့် မြေပြင်အိမ်ထောင်စုလူဦးရေစာရင်း ကနဦး စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများအနေဖြင့် မိမိတို့ ကျေးရွာအလိုက် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းများတွင် မွေးတိုးစာရင်း ဖြည့်သွင်းရမည့်လူဦးရေစာရင်းနှင့် သေဆုံးပယ်ဖျက်စာရင်း ဆောင်ရွက်ရမည့်စာရင်းများကို ပြုစု၍ မြို့နယ်ဦးစီးမှူးရုံးသို့ ပေးပို့ဆောင်ရွက် ပေးကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း မြေပြင်အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူစစ်ဆေးခြင်းလုပ်ငန်းနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးရေး အားလုံးပူးပေါင်း ပါဝင် ဖြည့်ဆည်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပြီး တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)