ဘားအံ စက်တင်ဘာ ၁၆
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲနယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ လှိုင်းဘွဲတပ်နယ်၏ အခြေခံစားကုန်နှင့် အသား၊ ငါး၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးရာ လှိုင်းဘွဲအခြေချ (စစ်ဗျူဟာ) ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားပြည်သူများအား သက်သာသော နှုန်းထားဖြင့် ရောင်းချပေးနေသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်သည်များမှာကြားကာ လှိုင်းဘွဲမြို့စည်ပင်သာယာဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသောလူမှုဝန်ထမ်းဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု၊ဘဏ္ဍာရေးနှစ် ဒုတိယ သုံးလပတ် လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်ပွဲအခမ်းသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားကာ လှိုင်းဘွဲမြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် အဘိုး (၄၀၂) ဦး၊ အဘွား (၆၀၀)ဦး စုစုပေါင်း (၁၀၀၂) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ၃၀,၀၆၀,၀၀၀ (သိန်းသုံးရာခြောက်သောင်းကျပ်) ကို လှိုင်းဘွဲမြို့နယ် အုပ်ချုပ်ရေးမှူးထံပေးအပ်၍ အခမ်းအနားသို့ တက်ရောက်လာသော အဘိုး၊ အဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ မြိုင်ကြီးငူနန်းဦး ဘေးမဲ့ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဉာဏိကအား မြိုင်ကြီးငူ ဥယျာဉ်ခြံကျောင်းစိတ္တသုခကျောင်းဆောင်၌ သွားရောက်ဖူးမျှော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ မြိုင်ကြီးငူပြည်တော်ဝင်မိသားစုများအတွက် ထောက်ပံ့သော ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ၆ လစာ ဆန်ဖိုး ငွေကျပ်သိန်း(၉၀)၊ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ထီးဖိုးကလုံး-မြိုင်ကြီးငူလမ်းပိုင်း ပြင်ဆင်ထိန်းသိမ်းစရိတ်၏ ၇၅ ရာခိုင်နှုန်း ငွေကျပ် ၁၅၃၀၀၀၀၀ ( တစ်ရာငါးဆယ်သုံးသိန်းကျပ်) နှင့် ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ တပ်ဖွဲ့ဝင်များနှင မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားပြီး ဆန်၊ ဆီ၊ ကြက်ဥ များထောက်ပံ့ပေးအပ်ကာ တပ်ဖွဲ့ဝင်မိသားစုများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)