သရက်ချောင်း စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လူမှုဝန်ထမ်းဦစီးဌာန၊ မူလတန်းကြိုကျောင်းတွင် မူလတန်းကြို ကလေးများ၏ ဉာဏစွမ်းရည်ပြိုင်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြင်ပြောပြိုင်ပွဲ၊ စုပေါင်းသီချင်းဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ မူကြိုကျောင်းမှ ကလေးများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဆုရရှိသူများအား သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက ဆုများနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ရင်သွေးငယ်များက တေးသရုပ်ဖော်အကနှင့် သီချင်းများ သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
နန်းခလိုက် (သရက်ချောင်း)