တောင်ပေါ်တဲကြီးကုန်းလမ်းဘေး ပုသိမ်တက္ကသိုလ် ခြံစည်းရိုး နယ်နိမိတ်အစပ်တွင် လျှောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ပုသိမ် စက်တင်ဘာ ၁၆

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဦးဆောင်ကာ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်၍ ပုသိမ်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာတွင်ယာဥ်အန္တရာယ်ကင်း၍ အဆင်ပြေစေရန် ရည်ရွယ်ကာ တောင်ပေါ်၊ တဲကြီးကုန်းလမ်းဘေး ပုသိမ်တက္ကသိုလ်ခြံစည်းရိုး နယ်နိမိတ်အစပ်တွင် လျှောက်လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၂ ခုနစ်၊ ဇူလိုင်လ တတိယအပတ်တွင် လုပ်ငန်းစတင် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး စည်ပင်သာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ် ရှေ့လျှောက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းလုပ်ဆောင်နေမှုအား ကြည့်ရှူ့စစ်ဆေးခဲ့ကြသည်။

အင်ကြင်းဆောင်အနီး၊ တက္ကသိုလ် ခြံစည်းရိုးနယ်နိမိတ်အစပ်မှ ပုသိမ်တက္ကသိုလ် ဆိုင်ကယ်ရပ်နားသည့် နေရာအထိ ပေအရှည် (၁၀၀၀)၊ အကျယ် (၈)ပေ၊ (၆)လက်မထုအား ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဆိုင်ကယ် stand ဝင်ပေါက်မှ တက္ကသိုလ်ဝင်မုဒ်ဦး အဓိပတိလမ်းအထိ ပေအရှည် (၇၀၀)၊ အကျယ် (၈)ပေ၊ (၆)လက်မထုအား Color bricks ခင်းခြင်း၊ စတီးလက်ရန်း တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း ပေ(၁၇၀၀)ရှိကြောင်း သိရသည်။

ပုသိမ်တက္ကသိုလ် ရှေ့မျက်နှာစာရှိ ရေမြောင်းအား ပြန်လည်ပြုပြင် ဆယ်တင်ပြီး လမ်းနေရာတိုးချဲ့ခြင်းများ ဆောင်ရွက်ထားရှိကာ လျှောက်လမ်းခင်းခြင်းလုပ်ငန်းကို အမာခံကျောက်ချောလမ်း ခင်းကျင်းပြီးစီးပြီဖြစ်ကာ ကျောက်ချောလမ်းအပေါ်မှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ လျှောက်လမ်းခင်းခြင်း လုပ်ငန်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီမှ သိရသည်။

မြင့်ဟန်