ကန့်ဘလူ စက်တင်ဘာ ၁၆
အခြေခံပြည်သူများ၏ နေ့စဉ်လူနေမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ နှင့်အခြား စားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ကန့်ဘလူမြို့ အမှတ်(၄) တောင်ပိုင်း ရပ်ကွက် မဟာဗန္ဓုလလမ်းဘေး ဦးဝင်းရွှေနေအိမ်ရှေ့နှင့် အမှတ်( ၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးနှင့် ပြည်သူများလွယ်ကူစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့်ကြက်ဥတို့ကို ရောင်းချပေးခဲ့သည်။
အဆိုပါ အခြေခံစားသောက်ကုန်များကို ရောင်းချပေးရာတွင် ဆန် တစ်ပြည်၊ ဆီ တစ်ဆယ်သား၊ ဆား ၂၅ ကျပ်သား၊ ကြက်သွန်နီ ၂၅ ကျပ်သားနှင့်ကြက်ဥ ငါးလုံး စသည့်ပစ္စည်းငါးမျိုးတို့ကို ငွေကျပ် ၂၅၀၀ နှုန်း ဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း (ပြန်/ဆက်)