နတ်မောက်မြို၌ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

နတ်မောက် စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဋ္ဌာန(Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။                                 

ရှေးဦးစွာ  မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဒုဥက္ကဋ္ဌ ရဲမှူးတင်ကိုကိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက်(၄)ရပ်ကို ရှင်းလင်းပြောကြားခဲ့ပြီး မကွေးတိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ အမှတ်(၂)တပ်ဖွဲ့စုမှူး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မကွေး)ရဲမှူး ကျော်ကျော်လင်းက သင်ကြားပို့ချမည့် ဘာသာရပ်များအားရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။ ဆက်လက်၍ အဆိုပါသင်တန်းကိုသင်ကြားပို့ချခဲ့ရာ သင်တန်းနည်းပြ အမှတ်(၂)တပ်ဖွဲ့စုမှူး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မကွေး)ရဲမှူး ကျော်ကျော်လင်းက လူကုန်ကူးမှုပြဿနာ၏ နောက်ခံသမိုင်းကြောင်း၊ လူကုန်ကူးမှုပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှု/ လူမှောင်ခိုမှုတို့၏ အဓိပ္ပာယ်စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး၊ သင်တန်းကာလမှာစက်တင်ဘာလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ သင်တန်းသား/ သူ(၆၅)ဦးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း (ပြန်/ ဆက်)