ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ(အ.ထ.က)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ဆောင်ရွက်

ပွင့်ဖြူ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ(အ.ထက) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်လင်းမွန်က "လူငယ်နှင့် စည်းကမ်း" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာရည်ပြည့်ဝစေရေးအတွက် သတိပြုလိုက်နာရမည့်အချက်များနှင့် ကိုယ်ကျင့်သီလ ကောင်းမွန်စေရန် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက "လူငယ်နှင့် ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် လူငယ်များ၏ အနာဂတ်ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်ပန်းတိုင်ထားပြီး ကြိုးစားအားထုတ်ရမည့် အချက်များနှင့် ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေမည့် စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောသည်။ ဆက်လက်၍  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားမှူး ဦးရန်လင်းအောင်က "လူငယ်နှင့် ခေါင်းဆောင်" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ  အနာဂတ်တွင် ထူးချွန်ထက်မြက်သော နိုင်ငံ့ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန် ကြိုးပမ်းလုပ်ဆောင်ရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန(တာဝန်ခံ) ဒေါ်ဌေးဌေးဝင်းက အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် လိုက်နာရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း ၊ မြို့နယ် Book Club အသင်းမှ အတွင်းရေးမှူး ဦးကျော်စိုး(ပညာရေးငြိမ်း)က "လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး" ခေါင်းစဉ်ဖြင့် လူမှုပတ်ဝန်းကျင်တွင် ကိုယ် ၊ စိတ် ၊ နှလုံး လိမ္မာယဉ်ကျေးသူများဖြစ်အောင် ကြိုးစားရမည့်အချက်များကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားမှူး ဦးရန်လင်းအောင်က လယ်ကိုင်း ကျေးရွာ(အ.ထ.က)ကျောင်းအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကွမ်းစားသုံးခြင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး သိကောင်းစရာအချက်များ ပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူ များက အားပါးတရ ဝင်ရောက်လေ့လာဖတ်ရှုခဲ့ကြသည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ များနှင့် လူငယ်မောင်မယ်များ ကျောင်းစာအပြင်၊ ပြင်ပအသိပညာဗဟုသုတ တိုးပွားလာစေရန်၊ နိုင်ငံအတွက် အားကိုးအားထား ပြုရသော ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာစေရန် ၊ ဗလငါးတန် ဖွံ့ဖြိုးခြင်းနှင့် အတူ စိတ်ဓာတ် ၊ စည်းကမ်း၊ ပညာရည်  ထက်မြက်ပြည့်စုံသောသူများ ဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။   လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)