ညောင်တုန်းမြို့နယ်တွင် ခွေရူးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်တုန်း စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ညောင်တုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ၊ တိရစ္ဆာန်မှတစ်ဆင့် ခွေးရူးရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ အိမ်မွေးတိရိစ္ဆာန်(ခွေး၊ကြောင်) များကို ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်နိုင်သည့် နည်းလမ်းများ၊ ခွေးရူးရောဂါဖြစ်နေသော ခွေး၏ လက္ခဏာများ၊ သတိထားလိုက်နာရမည့်အချက်များကို ဟောပြောဆွေးနွေးပြီး “ခွေး၊ ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းသည် မိမိနှင့် မိသားစုကိုသာ မကဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခွေးရူးရောဂါ၏ အန္တရာယ်မှကာကွယ်နေခြင်းဖြစ်ပါသည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ညောင်တုန်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ခွေး၊ ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေးများ လာရောက်ထိုးနှံနိုင်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)