ကျုံပျော်ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးဆိုင်ရာ အစည်းအဝေး(၁/၂၀၂၂) ကျင်းပ

ကျုံပျော် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးဆိုင်ရာ အစည်းအဝေး(၁/၂၀၂၂)ကို ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက သက်ဆိုင်ရာ ဌာနများအနေဖြင့်  မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို စနစ်တကျ ရေးဆွဲတင်ပြရန် လိုအပ်ကြောင်း၊ စီမံကိန်းဦးစီးဌာနများကလည်း တင်ပြလာသည့် လုပ်ငန်းအလိုက် စာရင်းဇယားများ မှန်ကန်ရေး စိစစ်တင်ပြရန် လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ခရိုင်နှင့်မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ကျုံပျော်မြို့နယ် စီမံကိန်းဦးစီးဌာနမှူး ဒေါ်ကြူကြူသန်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြုပ်နှံမှု အစီအစဉ်များ ရေးဆွဲတင်ပြမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ရေကြည်၊  ကျောင်းကုန်းနှင့် ကျုံပျော်မြို့နယ်တို့မှ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌများက မိမိတို့မြို့နယ်အလိုက် အဆိုပြု တင်ပြထားမှုများအား ရှင်းလင်းတင်ပြရာ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်တို့မှ  စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)