ဓနုဖြူ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် နယ်မြေစိုးမိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်က ကျောင်းစုကျေးရွာအုပ်စု၊ သီရိသုဓမ္မာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှု မရှိစေရေး၊ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းများ စစ်ဆေးရာတွင် ဝိုင်ဝန်းကူညီဆောင်ရွက်ရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ ကျန်းမာရေးဆိုင်ရာများ၊ ကျေးရွာသန့်ရှင်းရေး၊ နိုင်ငံတကာ ပညာရေးစနစ်အတိုင်း ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ယူခွင့်ရရှိရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုဆိုင်ရာများ၊ စိုက်ပျိုးရေးဆိုင်ရာများ၊ ကျေးရွာလမ်းဆောင်ရွက်မှုများ၊ ကျေးရွာအတွင်းသန့်ရှင်း သာယာလှပစေရေး စွန့်ပစ်အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန်စသည့် လုပ်ငန်းကိစ္စရပ် အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ အားမေးမြန်းရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်းနှင့်မွေးတိုး၊ သေဆုံး အိမ်ထောင်စုစာရင်း ပြင်ဆင်ခြင်းကို တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းစုကျေးရွာ အုပ်စုအပါအဝင် ကျေးရွာအုပ်စု (၉)အုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများအား တစ်ပါတည်း ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဓနုဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိ ရပ်ဖများနှင့် ပြည်သူများ စုစုပေါင်းဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် တွေ့ဆုံပွဲကို ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)