ပခုက္ကူခရိုင်အတွင်း Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင်မြင်

ပခုက္ကူ စက်တင်ဘာ ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူခရိုင်အတွင်း ကျေးရွာ(၅၄)တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး အောင်မြင်ပြီဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီဖြင့် ပခုက္ကူခရိုင်အတွင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့်ဆိပ်ဖြူမြို့နယ်များရှိ ကျေးရွာ(၅၄) ရွာတို့တွင် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သည့် စာသင်ကျောင်းဆောင် ပြုပြင်ခြင်း နှစ်ခု၊ ကျေးရွာခန်းမဆောင် ပြုပြင်ခြင်း တစ်ခု၊ ရွာတွင်းကွန်ကရစ်ဘီးလမ်းခင်းခြင်း လေးခု၊ ရွာတွင်းမြေနီကျောက်စရစ်ခင်းခြင်း ၂၀ခု၊ ရွာတွင်း မြေသားလမ်း ခင်းခြင်း နှစ်ခု၊ ရွာတွင်း လမ်းကျောက်ရောခင်းခြင်း သုံးခု၊ မြေသားရေလှောင်ကန် ပြုပြင်ခြင်း ၁၉ခု၊ ရွာတွင်းလမ်း မြေနှုတ်မြောင်းပြုပြင်ခြင်း လေးခု၊ စသည့်ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း (၅၅)ခုတို့အား ရာနှုန်းပြည့် ပြီးစီးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်ကာ ချက်ချင်းလုပ်အားခပေးချေမှုစနစ် ဖြင့် ခရိုင်အတွင်း ကျေးရွာ(၅၄)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးများမှ ထွက်ရှိလာသည့် ထုတ်ကုန်၊ထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာဖြင့် အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်ခြင်း၊ အခြေခံပညာများ အဆင်ပြေချောမွေ့စွာ သင်ယူနိုင်ခြင်းနှင့် သောက်သုံးရေဖူလုံစွာ သုံးစွဲ နိုင်ခြင်း စသည့် ကျေးလက်နေပြည်သူများများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေ၏ ပြောပြချက်အရ သိရသည်။

ဆလိုင်းကိုကီး