စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေး မြို့အဝင်အထွက်များတွင် စစ်ဆေးရေးဂိတ်များစတင်ဖွင့်လှစ်ဆောင်ရွက်

စလင်း၊ စက်တင်ဘာ    ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့များတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် စက်တင်္ဘာလ ၁၅ ရက်နေ့နံနက်(၀၇၀၀)နာရီ အချိန်မှစတင်၍ မြို့အတွင်းအပြင်သို့ ဝင်ထွက်သွားလာ သူများအား ကိုဗစ်-၁၉ ရောဂါကူးစက် မှုမရှိစေရန်အတွက် စစ်ဆေးရေးဂိတ်များစတင်ဖွင့်လှစ် စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိသည်။
ယခုအချိန်တွင်ကိုဗစ်-၁၉ရောဂါသည် ပြည်တွင်းကူးစက်မှုများ များပြားလာသဖြင့် စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် စလင်းမြို့အဝင် အားကစားကွင်းအနီးနှင့် ဆင်ဖြူကျွန်းမြို့အဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနီးတွင် စလင်းမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌဦးဟိန်းဆက်၏လမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့များဖွဲ့စည်းကာ အခြားမြို့နယ် များမှ လာရောက်ကြသောခရီးသွားများအား ခရီးသွားလာရာတွင် လိုအပ်သော စာရွက်စာတမ်းများ၊ အချက်အလက်များပြည့်စုံမှန်ကန်ခြင်းရှိမရှိစစ်ဆေးခြင်း၊ ခရီးသွား ရာဇဝင်မေးမြန်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်းစသည် တို့ကို နေ့စဉ်(၂၄)နာရီနေ့ညဂျူတီများဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)