ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဒေးဒရဲ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက် ၅ နှစ်မှ ၉ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံ‌ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမက(မြို့မ)ကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက ကျောင်းများသို့ ကျေးရွာများအရောက် ကွင်းဆင်းသွားရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် သွေးလွန်တုပ်ကွေးကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရခြင်းတို့ကြောင့် ဂျပန်ဦးနှောက်ရောင် ရောဂါကင်းဝေးစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက် ၅ နှစ်မှ ၉ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပြီး၊ ယမန်နေ့အထိ ကျောင်းပေါင်း (၅၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၇၁၃၁)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။

ရွှေဒေးသူ