ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပေါင်းတည် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေး၊ ကူးစက်ပြန့်နှံ့မှုလျော့ကျစေရေးနှင့် ပြည်သူများအိုမီခရွန်ရောဂါပိုးကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က လူစည်ကားသည့်(၇)လမ်းနှင့် ရန်ကုန်ပြည်လမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ သွားလာနေသူပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန်ရောဂါမျိုးကွဲ BA4 နှင့် BA5 ရောဂါပိုးကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန်၊ နေအိမ်ပြင်ပသို့သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေးပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask များတပ်ဆင်ခြင်းမရှိ သွားလာသူများအား Mask များဝေငှပေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)