ပုသိမ် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသား ကျောင်းသူများ ကြိုဆိုပွဲတက်ရောက်ခဲ့သည်။
ဦးစွာ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂)အား ကျောင်းသား၊ ကျောင်းသူများက ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းသီချင်းအား သီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က" ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးနှင့် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ ဖြစ်လာကြရန်အတွက် သင်တန်းများ ပို့ချပေးခြင်းဖြစ်ပြီး လက်တွေ့နယ်ပယ်တွင် ဆက်လက်လေ့လာ သင်ယူကြရမှာ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ပညာလည်းသင် လူကိုလည်းပြုပြင်ပေးကြရန်၊ လောကကို ပညာဖြင့်အလှဆင်သူများ ဖြစ်ကြရန်၊ လောကကို ဂရုဏာဖြင့် ဖြေဖျောက်သူများ ဖြစ်ကြရန်၊ အများအကျိုး ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တက်သူများဖြစ်ကြရန်၊ စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့် နာသုံးနာအပြင် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး မြင့်မားရေးအတွက် အစဉ်လေ့လာ သင်ယူနေကြသည့် ထာဝရကျောင်းသားကြီးများဖြစ်ကြရန်၊ ကျောင်းသူ၊ ကျောင်းသားများ၏ အတုယူစရာ စံနမူနာပြများဖြစ်စေရေး ဆရာကျင့်ဝတ်နှင့်အညီ ပြုမှုနေထိုင်ကြရန်၊ နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ ဆရာမများ ဖြစ်စေရေးကြိုးစားကြရန်နှင့် သင်တန်းမှ သင်ကြားပို့ချမှုများကို စနစ်တကျ လေ့လာသင်ယူ ဆည်းပူးကြရန် မှာကြားခဲ့ပြီး သင်တန်းသား သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။ ယနေ့တွင် တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး ပညာရေးဒီဂရီကောလိပ်များတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲများအား ဖွင့်လှစ်ခဲ့ကြပြီး ပုသိမ်ပညာရေး ဒီဂရီကောလိပ်တွင် ကျောင်းသား ကျောင်းသူ ၁၀၄၉ ဦး၊ မြောင်းမြပညာရေး ဒီဂရီကောလိပ်တွင် ကျောင်းသား ကျောင်းသူ ၃၉၂ ဦးနှင့် ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ကျောင်းသား ကျောင်းသူ ၅၆၂ ဦး တက်ရောက်လျက်ရှိကြပြီး သင်တန်းအား ယခုလ (၁)ရက်နေ့မှ အောက်တိုဘာလ (၃၁)ရက်နေ့အထိ သင်ကြားပို့ချသွားမှာဖြစ်ကြောင်း သိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)