စစ်ကိုင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးရေးအတွက် ဆွေးနွေးပွဲ ကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၁၆

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာမူလတန်း ကျောင်းတို့ ပူးပေါင်း၍ ကလေးငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဉာဏ်ပညာ တိုးတက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုတက်စေရန်၊ ဗဟုသုတများစွာရရှိပြီး အမှား/ အမှန်ခွဲခြားတတ်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက အမှာ စကားပြောကြားပြီး စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက “အလိမ္မာ စာမှာရှိ” ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား ဆွေးနွေးဟောပြောပြီး စာအုပ်များကို ပေးဖတ်၍ မိမိတို့ဖတ်မှတ်ထားသည့် အကြောင်းအရာများကို ကလေးငယ်များ အားပြန်လည် ဆွေးနွေးစေရာ ကလေးငယ်ကျောင်းသား/ ကျောင်းသူလေးများက ပြန်လည်ဆွေးနွေးပေးခဲ့ကြသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား လူငယ်လေးများ ပြင်ပဗဟုသုတများရရှိစေရန် စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်း စသည့် လူငယ်အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)