စစ်ကိုင်း စက်တင်ဘာ ၁၆
စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတက်ပညာ သင်တန်းအမှတ်စဉ် (၈/၂၀၂၂) ကျောင်းသား/ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲက အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ကျောင်အုပ်ကြီး ဒေါ်မေမြတ်ခိုင်က မောင်တို့ မယ်တို့ဟာ မိမိတို့ရဲ့ဆန္ဒ၊ ဝါသနာများနှင့်အညီ ဒီကျောင်းတော်ကြီးကိုရောက်ရှိလာကြတဲ့အတွက် ဝမ်းမြောက်/ ဝမ်းသာကြိုဆိုပါကြောင်း၊ ကျောင်းတော်ကြီးရဲ့စည်းကမ်းများလိုက်နာပြီး သင်ကြားပို့ချပေးမဲ့ ဘာသာရပ်တွေကိုလည်း သင်တန်းကာလပြီးဆုံးသည်အထိ သင်ယူသွားကြစေလိုကြောင်း၊ သင်ကြားရေးဆရာ/ ဆရာမများအနေဖြင့်လည်း ကျောင်းသား/ ကျောင်းသူများရဲ့စံနမူနာဖြစ်အောင် ဝန်ထမ်းစည်းမျဉ်းများ လိုက်နာကာ သင်ကြားပေးသွားကြစေလိုကြောင်း၊ မောင်တို့/ မယ်တို့ဟာလည်း သင်တန်းပြီးဆုံး၍ မိမိတို့ကျရာဒေသ တာဝန်ထမ်းဆောင်ကြတဲ့အခါ ပြန်လည်သင်ကြားပြသပေးရမှာဖြစ်တဲ့အတွက် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံတော်မှ အားထားရတဲ့ သားကောင်း/ သမီးမွန်များဖြစ်အောင် ကြိုးစားသွားကြပါလို့ မှာကြားလိုကြောင်း ပြောကြားကာ ခရိုင်ပညာရေးမှူး ဦးကျော်သူက ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားပေးခဲ့သည်။
အဆိုပါသင်တန်းသို့ ကျောင်းသားသင်တန်းသား(၆)ဦး၊ ကျောင်းသူသင်တန်းသား(၅၄)ဦး၊ စုစပေါင်း(၆၀)ဦး တက်ရောက်ပညာသင်ကြားကြပြီး ကြိုဆိုပွဲသို့ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့်သင်ကြားရေးဆရာ/ ဆရာမများ၊ သင်တန်းသား ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းခရိုင်( ပြန်/ဆက်)