မင်းဘူး စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ ပူးပေါင်းတင်ဆက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လ/ထ ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ အနေဖြင့် ကျောင်းစာများကို ကြိုးကြိုးစားစားဖြင့် ဂရုတစိုက် လေ့လာ သင်ယူ ကျက်မှတ်ကြစေလိုကြောင်း ကျောင်းစာများအပြင် အခြားပြင်ပ ဗဟုသုတများ ရရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ဤဟောပြောကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဆုဝင်းက အိုဇုန်းဟူသည် မည်သည့်အရာကိုခေါ်ကြောင်း။ အိုဇုန်းလွှာ ဖြစ်ပေါ်တည်ရှိပုံနှင့် ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်လာသော အလွန်အန္တရာယ်ရှိသည့် ခရမ်းလွန် ရောင်ခြည်များကို လူ၊ သစ်ပင်နှင့် သက်ရှိသတ္တိဝါများထံ မကျရောက်အောင် အကျိုးရှိရှိ ကာကွယ်ထားပုံများ၊ အိုဇုန်းလွှာ ပျက်စီးမှု လျှော့ချနိုင်မည့် နည်းလမ်းများ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာကြီး ပူနွေးလာမှုများ လျော့နည်းနိုင်မည် ဖြစ်သောကြောင့် အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်းတို့ကို Projector ဖြင့် ရှင်းလင်းပြသကာ အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများက ခင်းကျင်းပြသထားသော သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)