လပွတ္တာမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် နှာခေါင်းစည်း(Mask ) အခမဲ့ပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်

လပွတ္တာ စက်တင်ဘာ ၁၆

လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask )အခမဲ့ပေးဝေခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ (၃)နာရီအချိန်က လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရဲတံခွန်အားကစားခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်ရဲမှူး ယာယီရဲမှူးမျိုးလွင်၊ အမှတ်(၈၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ရဲအုပ်ကျော်ဆန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်လေးမြမြဦးတို့က လပွတ္တာမြို့ပေါ် (၁၀)ရပ်ကွက်မှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ထော်လာဂျီယာဉ်၊ အနှေးယာဉ်ပိုင်ရှင်များ မောင်းနှင်သူများနှင့် တွေ့ဆုံပြီး ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် စနစ်တကျမောင်းနှင်ကြရန်၊ မော်တော်ဆိုင်ကယ်စီးနင်းလျှင် ဦးထုတ်ဆောင်းပြီး မေးသိုင်းကြိုးတပ်ဆင်မောင်းနှင်ကြရန်၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်စီးနင်းရာတွင် သတိပြုလိုက်နာရမည့် စည်းကမ်းချက်များ၊ စည်းမျဉ်း စည်းကမ်းများ၊ မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ မောင်းနင်ကြရန်၊ အနှေးယာဉ်များ၏ လိုင်စင်စည်းကမ်းချက်များနှင့် ပတ်သက်၍ အသိပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာဒေသခံပြည်သူ (၃၀၀)ဦးခန့် တက်ရောက် ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ သတိပြုလိုက်နာရမည့် အချက်များအား လိုက်နာကြရန် အသိပညာပေး ပြောကြားခဲ့ပြီး နှာခေါင်းစည်း Mask အခု (၃၀၀)အား အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)