ကျိုက်လတ် အ.ထ.က (၃)၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့) ပြုလုပ်ပေး

ကျိုက်လတ် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက် (၉)နာရီက  ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်အေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြပြီး၊  မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက  ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ(၁)ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက် နေ့အထိ၊ အသက် ၁၀ နှစ်ပြည့်ပြီးသူများနှင့် အသက် ၁၈ နှစ်ပြည့်လာမည့်သူများကို  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးလျက် ရှိကြောင်း၊ စီမံချက်ကာလအတွင်း နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးမှုမရှိရအောင် နိုင်ငံသားတိုင်း ရယူပိုင်ဆိုင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရာတွင် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းမှုမှန်ကန်စေရေးအတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းသန်းနှင့်သက်ဆိုင်ရာ ဆရာ/ဆရာမတို့ကလည်း လိုအပ်သည်တို့ကို ဖြည့်စွက်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး၊  ကျောင်းသား/ကျောင်းသူ  စုစုပေါင်း(၁၅၇)ဦးတို့အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ (အခမဲ့)ပြုလုပ်ပေးခဲ့ပြီး တစ်ဦးချင်း ကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေါ် ရီရီမြင့်

ကျိုက်လတ် ပြန်/ဆက်