ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းအား ဌာနဆိုင်ရာများ ကြည့်ရှုစစ်ဆေး

ထားဝယ်   စက်တင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအား အစားအသောက် လုံခြုံစိတ်ချစေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးမှူးဒေါ်မေသန်းနိုင် ဦးဆောင်သော ထားဝယ်ခရိုင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ၊ ကျောင်းကျန်းမာရေးကော်မတီဝင်များပူးပေါင်း၍  ကျောင်းမုန့်ဈေးတန်းရှိ အစားအသောက်များကို ယင်မနားအောင် ဖုံးအုပ်ထားခြင်းရှိ/မရှိနှင့် သန့်ရှင်းသပ်ရပ်ခြင်းရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချနေသူများအား အစားအသောက်ဘေးအန္တရာယ်ကင်းရေး၊ ကျန်းမာရေးထိခိုက်စေသည့် ဆိုးဆေးနှင့်တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသော အစားအစာရရှိရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်(၅) ချက်ပါဝင်သည့် လက်ကမ်း စာစောင်များကိုဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ ဆိုင်များတွင် ရောင်းချနေသော အသားတုနှင့် ခေါက်ဆွဲဖက်တို့တွင် ခွင့်မပြုကြာရှည်ခံ ဓာတုဆေးများ ပါဝင်ခြင်း ရှိ/မရှိကို ရွေ့လျားဓာတ်ခွဲယာဉ်ရှိ တစ်ခါသုံးဓာတ်ခွဲဆေးပစ္စည်းများဖြင့် စစ်ဆေးခဲ့ကြပြီး ယိုစုံနှင့်ဂျယ်လီများအား တိုင်းဒေသကြီး (FDA) ဓာတ်ခွဲခန်း(ထားဝယ်)တွင် ခွင့်မပြု ဓာတုဆိုးဆေးများပါဝင်ခြင်း ရှိ /မရှိ စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)