တောင်ငူမြို့ အလယ်တန်းကျောင်းခွဲ ပန်းပဲတန်း၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တောင်ငူ   စက်တင်ဘာ   ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့အလယ်တန်းကျောင်းခွဲ ပန်းပဲတန်း၌ စားသုံးသူအခွင့်အရေးဆိုင်ရာအချက်အလက်များ၊ လူငယ်နှင့်အားကစား အသိပညာပေးဟောပြောပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ကျော်အား မြို့နယ်အားကစားမှူး ဒေါ်သူဇာထွေးက လူငယ်များသိသင့်သော အားကစားဆိုင်ရာအချက်အလက်များဟောပြောပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲတာဝန်ခံ ဦးစီးမှူးဦးစောသန်းထိုက်ကျော်က စားသုံးသူအခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းဟောပြောခဲ့သည်။ ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ  ဦးစီးအရာရှိဒေါ်ခင်သူဇာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် လူငယ်များအမှား/အမှန်ဝေဖန်ပိုင်းခြားတတ်သည့် အသိပညာမြင့်မားတိုးတက်ရေးအတွက် ကျောင်းစာကြိုးစားခြင်းအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များဖတ်ရှုလေ့လာရေးတို့ကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော လူကုန်ကူးသူအမြစ်မကျန်အားလုံးပါဝင်တွန်းလှန်ရန်၊ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးနှင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေးနံရံကပ် စာစောင်များကို ကြည့်ရှုလေ့လာကြပြီး  စာအုပ်စာစောင်များကို စိတ်ဝင်စားစွာဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်