ဖျာပုံမြို့နယ် ရှမ်းကွင်းကြီးကျေးရွာ အလယ်တန်းကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြသ

ဖျာပုံ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအုပ်စု၊ ရှမ်းကွင်းကြီးကျေးရွာ အလယ်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က “လူငယ်ဘဝပညာသင်အရွယ်မှစပြီး၊ မိမိဝါသနာပါရာ ရည်မှန်းချက်ကို ဆန္ဒအဓိကထားပြီး၊ ကြိုးစားကြစေလိုကြောင်း၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် စာပေဖတ်ရှု လေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေသော စာပေများကိုလည်း လေ့လာဖို့လိုကြောင်းနှင့် လူကုန်ကူးမှုဆိုင်ရာ” အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဖျာပုံမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်စုမြတ်သဲက “အားကစားနှင့်အနာဂတ် လူငယ်များဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များ အနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည် ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်း” အသိပညာပေး ဟောပြောသည်။
ထို့နောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဖျာပုံမြို့နယ်အားကစားမှူးက ရှမ်းကွင်း​ကြီးကျေးရွာ အလယ်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသင်း က လက်ခံရယူသည်။ ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်များ ပြသခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

(ဖျာပုံခရိုင်ပြန်/ဆက်)