ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်အတွက် တရားမဝင် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/ မရှိ ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် တရားမဝင် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့က တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအပါအဝင် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းမင်းသူထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါ၍ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ကုန်ပစ္စည်းအညွှန်းအမှတ်အသားတံဆိပ် ဖော်ပြပါရှိရေး အလေးထားဆောင်ရွက်ရန်၊ သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုလုပ်ရန်၊ ကျန်းမာရေးထိခိုက်စေသော ဓာတုဆိုးဆေးများ ပါဝင်သော စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ ဈေးကွက်အတွင်း စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ် (117) သစ်သီးယိုစုံများ ရောင်းချခြင်းမပြုရန် ၊ (FDA)မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော တရားမဝင် စားသောက်ကုန် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ရန်နှင့် ခွင့်ပြုချက်မရှိသော စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက စားသုံးကာကွယ်ရေးဆိုင်ရာ တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို အသိပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိ နှင့် စားသောက်ကုန်ပစ္စည်းများတွင် ကျန်းမာရေးထိခိုက်စေသော ဓာတုဆိုးဆေးများ ပါဝင်ခြင်း     ရှိ/ မရှိ တို့ကို ဓာတ်ခွဲစမ်းသပ်ယာဉ်ဖြင့် လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)