ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (၈/၂၂)ဖွင့်ပွဲ ကျင်းပ

ဘိုကလေး စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်ရှိ ပညာဂုဏ်ရည် ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်၌ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာသင်တန်း (၈/၂၂) ဖွင့်ပွဲ ကျင်းပသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဘိုကလေး ပညာရေး ဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းမှ ယခုသင်တန်းသို့ လာရောက်တက်ရောက်ကြ သည့် သင်တန်းသား၊ သင်တန်းသူများသည် တိုးတက်ပြောင်းလဲလာသည့် ပညာရေးကို မျက်ခြေမပြတ်စေရေး အစဉ်လေ့လာသင်ယူရန် လိုအပ်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း စာများများ ဖတ်ရှုပြီး မိမိတို့ သင်ကြားပေးရ မည့် တပည့်များကိုလည်း စာပေဖတ်ရှုရန် တိုက်တွန်းဖို့ လိုအပ်ကြောင်း၊  တပည့်များအတွက် စံနမူနာထား ရမည့် ဆရာ/မများအဖြစ် သွားလာနေထိုင်ကျင့်ကြံကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဘိုကလေးပညာရေး ဒီဂရီကောလိပ်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သော ထောက်ပံ့ငွေ(၅)သိန်းကျပ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းမှ ပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်မှ လက်ခံရယူ ခဲ့ကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဖျာပုံခရိုင်နှင့် ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ များအား သင်တန်းသား၊ သင်တန်းသူများမှ မြို့နယ်အလိုက် မိတ်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာသင်တန်းအား စက်တင်ဘာ(၁)ရက်နေ့မှ စတင် တက်ရောက်ရပြီး နိုဝင်ဘာ (၂၃)ရက်နေ့တွင် သင်တန်းပြီး ဆုံးမည်ဖြစ်ကြောင်းနှင့် သင်တန်းအား ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မော်ကျွန်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ အင်္ဂပူ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၅၆၂)ဦး တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)