ပေါက်ခေါင်းမြို့၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာ သင်တန်းဆွေးနွေးပွဲပြုလုပ်

ပေါက်ခေါင်း      စက်တင်ဘာ      ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန မြို့မနည်းပညာပြန့်ပွားရေးစင်တာ(CLC)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆွေးနွေးပွဲတွင် ဦးစွာဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ဝါသီးနှံသည်တောင်သူများအတွက် စီးပွားရေးအရတွက်ခြေကိုက်သည့်သီးနှံဖြစ်ကြောင်း၊ ဝါဈေးကွက်ကောင်းသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ဖို့နှင့် ယခုသင်တန်းမှ ဆွေးနွေးပို့ချချက်များကို လက်တွေ့မှာပြန်လည်အသုံးချနိုင်ပါက တောင်သူများအတွက်အကျိုးဖြစ်ထွန်း‌ စေမည်ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမင်းမင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် မြို့နယ်အတွင်း ဝါသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေများ၊ တောင်သူများအနေဖြင့် ရာသီဥတုနှင့်ကိုက်ညီသည့်သီးနှံများကို ရွေးချယ်စိုက်ပျိုးဖို့လိုအပ်ကြောင်းနှင့် လာမည့်နှစ်တွင် ဝါသီးနှံတိုးချဲ့စိုက်ပျိုးမည့် အခြေအနေများ ရှင်းလင်းပြောကြားသည်။ ထို့နောက်နည်းပညာပေးသင်တန်းဆွေးနွေးပွဲပြုလုပ်ရာ ခရိုင်မြေအသုံးချရေးတာဝန်ခံ ပြည်ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးမင်း၊ ဒုတိယညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိဒေါ်ခင်သိန်းဦး၊ ဒုတိယဦးစီးမှူးဒေါ်ဝင်းမို့မို့ရှိန်၊ ပြည်ခရိုင်သီးနှံကာကွယ်ရေးဌာနမှ ဦးစန်းထွန်းဝင်းနှင့်မင်္ဂလာဟင်္သာ ကုမ္ပဏီလီမိတက်အရည်အသွေးမြင့် စိုက်ပျိုးရေးဆေးကုမ္ပဏီမှ တာဝန်ရှိသူများက ချည်မျှင်ရှည်ဝါအရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ရေးနည်းလမ်းကောင်းများ၊ အပင်အာဟာရသုံးစွဲမှုနည်းစနစ်များ၊ ဝါပင်ကြီးထွားဖွံ့ဖြိုးရန်အခြေခံလိုအပ်ချက်များ၊ မြေဩဇာထည့်သွင်းချိန်နှင့် ထည့်သွင်းနည်းများ၊ တစ်ဧက ဝါပိသာ ၁၀၀၀ ထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးနည်းနှင့် ဝါသီးနှံတွင်ကျရောက်သည့် ပိုးမွှားနှင့်ရောဂါကျရောက်မှုအခြေအနေများကို တက်ရောက်လာသည့် ဝါသီးနှံစိုက်တောင်သူများအား နည်းပညာပေးသင်တန်း‌ပို့ချပေးခဲ့ပြီး မင်္ဂလာဟင်္သာစိုက်ပျိုးရေးဆေးကုမ္ပဏီမှ သီးစုံရွက်ဖျန်းမြေဩဇာအထုတ်များနှင့် ပိုးသတ်ဆေးသုံးစွဲနည်း လမ်းညွှန်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်ချည်မျှင်ရှည်ဝါစိုက်ပျိုးဧက ယနေ့အထိ(၃၄၄၃)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)