ဟင်္သာတမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ဟင်္သာတ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို အမှတ် ၁ အခြေခံပညာ အထက်တန်း ကျောင်း ဟင်္သာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းဝေးစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျနားလည် သိရှိလိုက်နာကြရန်၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပပေးရ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အမှတ် ၈၄ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး သက်နိုင်ဦးနှင့် ဟင်္သာတခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနရုံးမှ ယာဉ်မောင်း စစ်ဆေးရေးမှူး ဦးကျော်ဇေယျာထွန်းတို့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပတ်သက် သော ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လမ်းလျှောက်သူများ လိုက်နာရန် စည်းကမ်းများကို လည်းကောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင်လိုက်နာရမည့် သိကောင်းစရာအချက်များအားလည်းကောင်း၊  ခေတ္တစခန်းမှူး ဒုရဲမှူး ရန်နိုင်စန်းမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များ အားလည်းကောင်း အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ(၃၂)ဦး၊ ကျောင်းသား၊ ကျောင်းသူ ၆၁၄ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ