ပခုက္ကူမြို့နယ်တွင် Mask Campaign နှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပခုက္ကူ စက်တင်ဘာ ၁၅

ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေးအတွက် ယနေ့ နံနက် ၈ နာရီခွဲအချိန်က မြို့မလမ်း၊ ရွှေချောင်းတံတားထိပ်နှင့်ပြည်သာယာခန်းမရှေ့တို့တွင် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ဒေသခံများနှင့် ခရီးသွားပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြစေရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြစေရေး အသိပညာပေး ပြောကြားခြင်းနှင့် Mask များကို အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကြသည်။

အလားတူ ယမန်နေ့ နံနက်၈နာရီကထင်းတန်းလမ်းနှင့် မြို့မလမ်းဆုံ၊ မြို့မ‌ဈေးအနီးတို့တွင် ပါးစပ်နှင့် နှာခေါင်းစည်းအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလှုံ့ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဇော်(ဓာတု)