ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချင်းပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုအလှယာဉ်နှင့် ဂုဏ်ပြုအကအဖွဲ့ ဂုဏ်ပြုဖျော်ဖြေနိုင်ရေး (ပထမအကြိမ်) လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး စက်တင်ဘာ ၁၅

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချင်းပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုအလှယာဥ်နှင့် ဂုဏ်ပြု အကအဖွဲ့ ဂုဏ်ပြုဖျော်ဖြေနိုင်ရေး ပထမအကြိမ် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု အလှယာဥ်နှင့် ဂုဏ်ပြု အကအဖွဲ့ ချီတက်ဂုဏ်ပြု ဖျော်ဖြေနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ဗဟိုကျင်းပရေးဦးစီးကော်မတီမှ ချမှတ်ထားသော မူဝါဒနှင့် လုပ်ငန်းတာဝန်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ချင်းပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုအလှယာဥ်တွင် နိုင်ငံတော်အစိုးရ၏ စေတနာကို ပေါ်လွင်ထင်ဟပ်စေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုလုပ်ငန်းများ ပြသနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုအလှယာဉ်နှင့် ဂုဏ်ပြုအကအဖွဲ့ ချီတက်ဂုဏ်ပြုဖျော်ဖြေနိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် အတွင်းရေးမှူး၊ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးတို့က ချင်းပြည်နယ် ကိုယ်စားပြုအလှပြမည့် ဂုဏ်ပြုအကအဖွဲ့နှင့် ဂုဏ်ပြုယာဉ်တို့ စနစ်တကျ ပါဝင်အလှပြနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဂုဏ်ပြုအကအဖွဲ့နှင့် ဂုဏ်ပြုအလှပြယာဉ် ပြင်ဆင်ရန်အတွက် လိုအပ်သည့် ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှု၊ ဂုဏ်ပြုယာဉ်တွင် ထည့်သွင်းပြသရမည့် Logo ၊ ပြည်နယ်အစိုးရအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံနှင့် စာသားများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာကြသည့် ဂုဏ်ပြုအလှယာဉ်နှင့် ဂုဏ်ပြုအကအဖွဲ့ ချီတက်ဂုဏ်ပြုဖျော်ဖြေနိုင်ရေး လုပ်ငန်းကော်မတီဝင်များကလည်း တင်ပြဆွေးနွေးကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)