ဘိုကလေးမြို့နယ် စည်ပင်သာယာဈေးများအတွင်း ပါဆယ်စနစ်ဖြင့် ရောင်းချရန် နှိုးဆော်ဆောင်ရွက်

ဘိုကလေး  စက်တင်ဘာ  ၁၅

ကိုဗစ်-၁၉ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး အတွင်းရှိ စားသောက်ဆိုင်များ ယနေ့မှစတင်၍ ဆိုင်တွင်ထိုင်၍ စားသောက်သည့် စနစ်အစား ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန် ညွှန်ကြားလာသဖြင့် ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၎င်းပိုင်ဈေးများအတွင်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန် နှိုးဆော် ဆောင်ရွက်ခဲ့သည်။

မြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့များတွင် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ရောင်းချစေရေး ကြီးကြပ်ဆောင်ရွက်မှုများ ဆောင်ရွက် ခဲ့ကြပြီး စည်ပင်သာယာရေးပိုင် ဈေးများအတွင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရောင်းချစေရေးနှင့် လက်ဆေးဘေစင် စနစ်တကျ သုံးစွဲနိုင်ရေး ကြီးကြပ်မှုများ ဆောင်ရွက်ခဲ့သည်။

ယခုလက်ရှိ အချိန်တွင် ဘိုကလေးမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ အတည်ပြုလူနာ ()ဦးရှိပြီး ၎င်းတို့အား ဘိုကလေးမြို့နယ် ကုတင်(၁၀၀) ဆေးရုံကြီးတွင် ဆေးဝါးကုသမှုများနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ထားရှိသည့်အပြင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ အပါအဝင် ဌာနဆိုင်ရာများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်တွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေး တက်ညီ လက်ညီ ဆောင်ရွက်နေကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)