သဲကုန်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာများအရောက်လစဉ်တစ်လလျှင်(၁၀)ရွာ ရွေးချယ်ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် နွယ်ကောက်အုပ်စု သဲဆည်ကျေးရွာ၊ သဲဆည်ဇရပ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားပြီး ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရေးအတွက် အခက်အခဲများဖြေရှင်းပေးနိုင်ရန်နှင့် နည်းစနစ်များ မျှဝေပေးနိုင်ရန် ယခုလိုဆွေးနွေးပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝပေါင်းသတ်ဆေးပြုလုပ်နည်းအား လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှအုပ်စုအတွင်းရှိ ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆီးချိုသွေးချိုစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်၊ ပြန်/ဆက်