ကယားပြည်နယ်မှ သူနာပြု (၂၀) ဦး ရန်ကုန်မြို့ရှိ ဖောင်ကြီးဆေးရုံနှင့် ဒဂုံဆိပ်ကမ်း ဆေးရုံ တို့တွင် ကိုဗစ်-၁၉ လူနာစောင့်ရှောက်မှုများတွင် ကူညီနိုင်ရန်အတွက် လွိုင်ကော်မြို့မှ ထွက်ခွာ

လွိုင်ကော်  စက်တင်ဘာ ၁၅

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီ ဆောင်ရွက်နိုင်ရန် အတွက် ကယားပြည်နယ်မှ သူနာပြု(၂၀) ဦးတို့သည် ရန်ကုန်မြို့ရှိ ဖောင်ကြီးဆေးရုံကြီး နှင့် ဒဂုံဆိပ်ကမ်း ဆေးရုံသို့ လွိုင်ကော်မြို့မှ ယနေ့နံနက်  ၅ နာရီက ထွက်ခွာခဲ့ ကြောင်းသိရသည်။

“ယနေ့စေလွတ်တဲ့အထဲမှာ ဆရာဝန်တွေမပါဘူး။ သူနာပြုဆရာမကြီး တစ်ဦး ခေါင်းဆောင်ပြီး တော့ အထက်တန်း သူနာပြု (၇) ဦး ၊ သူနာပြု (၁၂) ဦး ၊ စုစုပေါင်း (၂၀ ) ဦးနဲ့  နှစ်ဖွဲ့ခွဲပြီးတော့ ရန်ကုန်မှာရှိတဲ့ ဖောင်ကြီးဆေးရုံကြီး နှင့် ဒဂုံဆိပ်ကမ်းမှာရှိတဲ့ဆေးရုံတို့မှာ ကူညီဆောင်ရွက်ဖို့ အတွက် သွားတာဖြစ်ပါတယ်။  ကယားပြည်နယ်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက နေပြီး အကြောင်းကြားချက်အရ ဒီဆေးရုံကြီးတွေမှာ ကိုဗစ်-၁၉ လူနာတွေများနေတဲ့အတွက် ကူညီဆောင်ရွက်နိုင်ဖို့ အခြားတိုင်း နှင့် ပြည်နယ်တွေကလည်းလွတ်ပါတယ် ကယားပြည်နယ်က သူနာပြု လူ(၂၀)ဦးလွတ်ပေးဖို့အတွက် ပြောတဲ့အခါမှာ ကျွန်တော်တို့က လူစုရပါတယ် လူစုတဲ့အခါ အချိန်ကာလအကန့်သတ်ကိုမပြောပါဘူး။ အနည်းဆုံး ၂ ပတ်ကြာမှာဖြစ်ပါတယ်။ ၁ လ လည်းဖြစ် ချင်ဖြစ်ပါမယ်။ သူနာပြု (၂၀ )ဦးစေလွတ်တဲ့အခါမှာ လွိုင်ကော်ဆေးရုံကြီး ကနေပြီး သူနာပြုဆရာမကြီး ၁ ဦး ၊ အထက်တန်းသူနာပြု ၅ ဦး ၊ သူနာပြု ၄ ဦး ၊ အခြားမြို့နယ် ၅ မြို့နယ်မှ ၁ မြို့နယ်လျင် သူနာပြု ၂ ဦးစီနဲ့ စုစုပေါင်း ၁၀  ဦးကို  နှစ်ဖွဲ့ခွဲပြီး လွတ်လိုက်တာ ဖြစ်ပါတယ်။ သွားရောက်တဲ့သူနာပြုများအတွက် ကျွန်တော်တို့ အနေနဲ့ စိတ်ဓာတ် ခွန်အားဖြစ်စေတဲ့ အားပေးစကားတွေ ၊ ငွေကြေးအားဖြင့်ထောက်ပံ့ပေးအပ်ခြင်း ၊ သူနာပြု ဝတ်စုံထောက်ပံ့ပေးခြင်း၊ အားဆေးတစ်လစာထောက်ပံ့ပေးခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ ပါတယ်” ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်း ကိုဗစ်-၁၉ လူနာစောင့်ရှောက်မှုများ ဆောင်ရွက်နေသည့်နေရာတွင် ကူညီ ဆောင်ရွက်နိုင်ရန်အတွက် လွိုင်ကော်မြို့မှ အမျိုးသား သူနာပြု  ၁ ဦး နှင့် အမျိုးသမီး သူနာပြု ၁၉ ဦးတို့ကို စေလွတ်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်ထွန်းလေး (ပြန်/ဆက်)