ပေါက် စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ညမထွက်ရန်အမိန့် ထုတ်ပြန်ခြင်းကို ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက သိရသည်။
အဆိုပါ ညမထွက်ရန်အမိန့် ထုတ်ပြန်ကြေညာခြင်းကို မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာ နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများက မိမိတို့နယ်မြေ အလိုက် အသံချဲ့စက်များဖြင့် အသိ ပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။ ထုတ်ပြန်ကြေညာ
သည့် ညမထွက်ရန် အမိန့်တွင် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေး အတွက် “အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ အရေးပေါ်ကိစ္စ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ ခွင့်ပြုချက်ရရှိမှသာ ညထွက်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ နေ့စဉ် ည ၁၂ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရ” ဟု ပါရှိပြီး ထုတ်ပြန်သည့်နေ့မှ စပြီး အချိန် (၂) လ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညမထွက်ရန်အမိန့် ထုတ်ပြန်ထားမှုအား တိကျစွာ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်ထံက သိရသည်။
ဉာဏ်တိုး(ပေါက်)