ပွင့်ဖြူ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူလူထု သိရှိလိုက်နာနိုင်ရေး ကျန်းမာရေးစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို စက်တင်ဘာ ၁၅ ရက် ၊ ယနေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူများနှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံးတွင် စိုက်ပျိုးစရိတ်ချေးငွေလာရောက်ထုတ်ချေးသည့် ဒေသခံတောင်သူများကို တွေ့ဆုံ၍ မြို့နယ်အတွင်း ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားလာပါက ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာကြရန်၊ တတ်နိုင်သမျှ လူစုလူဝေးရှိသောနေရာများသို့ သွားလာခြင်းအား ရှောင်ကြဉ်ကြရန်၊ အရာဝတ္ထုတစ်ခုခု ကိုင်တွယ်ပြီးချိန်တိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရန်၊ လက်မဆေးခြင်းမပြုမီ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန်၊ အပြင်မှ ပြန်လာသည့်အခါ နှာခေါင်းစည်းကို စနစ်တကျ စွန့်ပစ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုအး အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုအား ခံယူကြရန် စသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရမည့်အချက်များကို အသိပညာပေး ဆွေးနွေးဟောပြောပြီး ဒေသခံတောင်သူများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ RDT (Test Kits) ဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ကာ ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြသည်။
ယခုကဲ့သို့ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ပြည်သူလူထု ပူးပေါင်းပါဝင် တိုက်ဖျက်နိုင်ရေးအတွက် အပတ်စဉ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပြန်/ ဆက်)