ချောင်းဦးမြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာအိတ်များ သက်သာသော စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ၊ သဘာဝမြေသြဇာနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းသင်တန်းပေး

ချောင်းဦး စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တောင်သူများထံသို့ သက်သာသော စျေးနှုန်းနှင့် ယူရီးယားဓာတ်မြေသြဇာအိတ်များ ရောင်းချပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်မှ အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ယူရီးယားဓာတ်မြေသြဇာ စျေးနှုန်းသက်သာစွာ ရောင်းချပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စနစ်တကျ အကျိုးရှိရှိသုံးစွဲရေး နည်းပညာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် သဘာဝမြေသြဇာနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းသင်တန်းကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မာလာနွယ်က သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းပညာများနှင့် သဘာဝမြေသြဇာ ထည့်သွင်းနည်း၊ သဘာဝပိုးသတ်ဆေးသုံးစွဲနည်းများအား အသေးစိတ် ရှင်းလင်းဆွေးနွေး ပို့ချပြီး ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာခိုင်မှ သဘာဝမြေသြဇာပြုလုပ်နည်း၊ သဘာဝပိုးသတ်ဆေး ပြုလုပ်နည်းများ၊ ထရိုင်ဂိုဒါးမါး ဥကပ်ပါးနကျယ်မွေးမြူရေး ဓာတ်ခွဲခန်း၌ ဥကပ်ပါးနကျယ် မွေးမြူခြင်းအဆင့်ဆင့် လုပ်ငန်းစဉ်များကို တက်ရောက်လာသည့် သင်တန်းသားများနှင့် ဧည့်သည်များအား လက်တွေ့ ရှင်းလင်းဆွေးနွေး ပြသခဲ့သည်။

သက်သာသောစျေးနှုန်းဖြင့် ယူရီးယားဓာတ်မြေသြဇာအိတ်များ ရောင်းချပေးခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းအင်းဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး၊ စက်မှုလယ်ယာမြို့နယ်ဦးစီးမှူး၊ မြို့နယ်သမဝါယမဦးစီးမှူး၊ ဓာတ်မြေသြဇာ သယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု ၇ အုပ်စုမှဒေသခံတောင်သူ ၈၃ ဦး တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများမှ တောင်သူများလက်ဝယ်သို့ ယူရီးယား ဓာတ်မြေသြဇာအိတ်များ ဖြန့်ဖြူးရောင်းချပေးခဲ့​သည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် သက်သာသောစျေးနှုန်းနှင့် ဖြန့်ဖြူးရောင်းချပေးနေသော ယူရီးယားဓာတ်မြေသြဇာအိတ်များအား ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅ အုပ်စုမှ တောင်သူ ၅၀၀ဦးကျော်ထံ ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ အစစအရာရာ စျေးနှုန်းများ မြင့်မားနေချိန်တွင် တောင်သူများ စျေးသက်သာစွာ သုံးစွဲနိုင်စေရေး၊ သွင်းအားစုများကို တတ်နိုင်သလောက် လျော့ချပြီး မိမိတို့ထုတ်ကုန်သီးနှံများ အရည်အသွေးမြင့်မားကာ စျေးကောင်းရရှိစေရေး ရည်ရွယ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

ဝင်းမြင့်အောင် (ပြန်/ ဆက်)