သံတောင်ကြီးမြို့နယ် ပျားစခန်းကျေးရွာတွင် ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

သံတောင်ကြီး၊ စက်တင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတစ်ဦး တွေ့ရှိလာသည့်အတွက် ဒေသခံပြည်သူများ အသိသတိရှိစွာ နေထိုင်သွားလာစေရန်နှင့် ကိုဗစ်-၁၉ရောဂါ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီတို့က အသိပညာပေးလုပ်ငန်းများကို ပျားစခန်းကျေးရွာ ဘုရားကျောင်းခန်းမတွင် ပြလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ကိုဗစ်-၁၉ရောဂါအဖြစ်များသည့် နေရာမှ သံတောင်ကြီးမြို့နယ်အတွင်း ပြန်လာသည့်ဒေသခံပြည်သူများအနေဖြင့် Quarantine Centre များတွင် ထားရှိရန်၊ မိမိအရပ်ဒေသမှ ပြန်လာသူများကလည်း ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ သတင်းပို့ရန်၊ ယခု ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ၏ မိသားစု ဝင်များနှင့် ထိတွေ့သူများအား Facility  Quarantine Centre တွင် ထားရှိကြောင်း၊ ပျားစခန်း ကျေးရွာတွင်ထားရှိသည့် Facility Quarantine Centre များကိုလည်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိရန်အတွက် ဆွေး နွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် သံတောင်မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီတို့က ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပျားစခန်းကျေးရွာတွင် Quarantine Centre ဝင်သူ (၂၇) ဦးရှိပြီး ၎င်းတို့၏ အာခေါင် တို့ပတ်၊ နှာခေါင်းတို့ပတ်တို့ကို  အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်