ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်း အခြေခံမဲစာရင်းမှန်ကန်မှုရှိစေရေး၊ မြေပြင်စာရင်းအမှန်ရရှိရေး တိုက်ဆိုင်စစ်ဆေးသွားရန်၊ ကျေးရွာစိုက်ကွင်းများတွင် ဖျက်ပိုးများ ကျရောက်ပါက ဒေသအာဏာပိုင်များနှင့် ဆက်သွယ်၍ ကာကွယ်ရေးနည်းလမ်းများ ရယူဆောင်ရွက်ကြရန်၊၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု များပြားလာသည့်အတွက် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ရေး၊ အသိပညာပေး Mask Campaign များ ဆောင်ရွက်သွားရန်၊ အသက် (၁၂)နှစ်အထက်ရှိသူများအား ပထမအကြိမ် Booster ကာကွယ်ဆေးများ နှင့် အသက်(၁၈) အထက်ရှိသူများ ဒုတိယအကြိမ် Booster ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကျန်ရှိသူများမရှိစေရေး ပေါင်စပ်ဆောင်ရွက်သွားရန်၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို မြို့ပေါ်၊ ကျေးရွာများတွင် ဆောင်ရွက်သွားရန်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး သက်ဆိုင်ရာပညာရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ မြို့ပေါ်ကျေးရွာများတွင် အပတ်စဥ်သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်သွားရန်၊ ပင်လယ်သယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများ၊ သဘာဝဒီရေတောများ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေး လုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်ရီမြင့်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းထွန်းတို့က စပါးခင်းများအတွင်း ကျရောက်လျက်ရှိသော ဖြုတ်ပိုးကာကွယ်ရေးနည်းလမ်းများအား တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများအား ကျေးရွာများတွင် ထပ်ဆင့်ရှင်းလင်းနိုင်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ တင်ပြလာသော အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း