ဟင်္သာတမြို့နယ်၌ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေး

ဟင်္သာတ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပြည်သူများစားဝတ်နေရေး သက်သာချောင်ချိစေရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ယမန်နေ့ နေ့လည်ပိုင်းက ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက် ဆယ်ထပ်ကြီးဘုရားဝန်းတွင် ရောင်းချပေးခဲ့သည်။

ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက် ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဆန် တစ်ပြည်လျှင် (၁၅၀၀) ကျပ်နှုန်း၊ ဆီ ၅၀ သားလျင် ၂၅၀၀ နှူန်းဖြင့်  မြို့ပေါ်ရပ်ကွက်များတွင် စက်တင်ဘာ ၄ ရက်နေ့မှ ၁၄ ရက်နေ့ အထိဆန် ၂၅၀ အိတ်၊  ဆီ ၁၁၈၃ ပိဿာ၊ ကြက်ဥ  ၄၀၀၀ လုံးနှင့် ဆား ၁၀၀ ပိဿာ ဟင်းသီးဟင်းရွက် ၁၃ မျိုးတို့ကို ရောင်းချပေးခဲ့ကြောင်းသိရသည်။

အဆိုပါ  အခြေခံစားသောက်ကုန်များ‌ ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများ၊  ဟင်္သာတမြို့နယ် ဆီလုပ်ငန်းရှင် အသင်း၊ ဆန်စက်လုပ်ငန်းရှင်အသင်းတို့မှ တာဝန်ရှိသူများတို့မှ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး အခြေခံစားသောက် ကုန်များကို ပြည်သူများဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရန် ရည်ရွယ်ပြီး ရပ်ကွက်များအရောက် နေ့စဉ်ကွင်းဆင်း ရောင်းချ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ